factograf
MY

Bit

Binary digit ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။ စက်တစ်လုံးပေါ်မှ အသေးငယ်ဆုံး သတင်းအချက်အလက်ယူနစ် ဖြစ်သည်။ ရှေ့ဆောင် စာရင်းအင်းပညာရှင် Claude Shannon က ဤဝါဟာရကို 1946 ခုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ ဆားကစ်ပတ်လမ်း တစ်ခုပေါ်တွင် လျှပ်စစ်ဓာတ်အား တစ်ခု ဖြတ်စီးခြင်း မစီးခြင်းကို သတ်မှတ်သည်။ အကယ်၍ ဆားကစ်တစ်ခုပေါ် လျှပ်စစ်ဖြတ်စီးလျှင် Bit ၏ တန်ဖိုးသည် ၁ ဖြစ်ပြီး လျှပ်စစ်ဖြတ်စီးမှုမရှိလျှင် Bit ၏ တန်ဖိုးသည် ၀ ဖြစ်နေသည်။ တစ်ခုတည်းသော Bit သည် ၀ သို့မဟုတ် ၁ ဆိုသည့် တန်ဖိုးနှစ်ခုအနက် တစ်ခုကိုသာ ဆောင်ထားနိုင်သည်။ ဆက်တိုက်လာသည့် Bit များကို ပို၍ ကြီးမားသည့် ယူနစ်များအဖြစ် ပေါင်းစပ်ပေးခြင်းဖြင့် ပို၍အဓိပ္ပာယ်ပြည့်၀သော သတင်းအချက်အလက်များကို ရရှိသည် ဥပမာအားဖြင့် Byte တစ်ခုကို ဆက်တိုက်လာသည့် Bit ရှစ်ခုဖြင့် ဖွဲ့စည်းထားသည်။

တစ်ခါတရံတွင် ကွန်ပျူတာများကို တစ်ကြိမ်လျှင် ၎င်းတို့ တွက်ချက်မှုပြုလုပ်နိုင်သည့် Bit အရေအတွက်ဖြင့်ဖြစ်စေ၊ Address များအား ကိုယ်စားပြုရန် ၎င်းတို့အသုံးပြုသည့် Bit အရေအတွက်ဖြင့်ဖြစ်စေ အဆင့်အတန်းသတ်မှတ်သည်။ ဤတန်ဖိုးနှစ်ခုမှာ အမြဲတမ်းတူညီခြင်းမရှိသည့်အတွက် နားလည်မှုရှုပ်ထွေးသွားတတ်ကြသည်။ ဥပမာအားဖြင့် ကွန်ပျူတာတစ်လုံးအား 32 bit စက်တစ်လုံးအဖြစ် သတ်မှတ်ခြင်းသည် ယင်း၏ Data register မှာ 32 bits ကျယ်ဝန်းသည် သို့မဟုတ် စက်သည် မှတ်ဉာဏ်ထဲမှ Address တစ်ခုစီကို ရှာဖွေသတ်မှတ်ရာတွင် 32 bits အသုံးပြုသည်ဟု အဓိပ္ပာယ်ရသည်။ ပို၍အရွယ်ကြီးသည့် Data register များက Computer အား ပို၍ မြန်ဆန်စေသကဲ့သို့ Address များအတွက် Bits ပိုမိုသုံးစွဲခြင်းဖြင့် စက်တစ်လုံးသည် ပိုမိုကြီးမားသည့် ပရိုဂရမ်များကို အထောက်အကူပြုနိုင်သည်။

Graphic များကို မကြာခဏဆိုသကဲ့သို့ dot တစ်ခုချင်းအား ကိုယ်စားပြုရန် အသုံးပြုသည့် Bit အရေအတွက်ဖြင့်လည်း ဖော်ပြတတ်သည်။ 1-bit ပုံရိပ်တစ်ခုသည် Monochrome ဖြစ်သည်။ 8-bit ပုံရိပ်တစ်ခုသည် 256 color သို့မဟုတ် Grayscale များကို အထောက်အကူပြုသည်။ 24 သို့မဟုတ် 32 bit ဂရပ်ဖစ်များသည် True color ကို အထောက်အကူပြုသည်။

Read next

In 101 languages

Text from Wikipedia, CC BY-SA 4.0 · Source article