factograf
MY

ဦးနှောက်

ဦးနှောက်

ကျောရိုးရှိ သတ္တဝါ အားလုံးနှင့် ကျောရိုးမဲ့ သတ္တဝါ အားလုံးနီးပါး၌ ရှိတတ်သော ဦးနှောက် (အင်္ဂလိပ်: brain) ဟူသည့်မှာ အာရုံကြောစနစ်တွင် အခရာကျသည့် အင်္ဂါဖြစ်သည်။ အဓိကအားဖြင့် နျူရွန် (ကိုယ်တွင်းလျှပ်ကူးဆဲလ်) များနှင့် ဖွဲ့စည်းထားသည်။ အလင်းအာရုံခံ မျက်လုံး၊ အသံအာရုံခံ နား၊ အရသာအာရုံခံ လျှာ၊ စသည့် အာရုံခံ အစိတ်အပိုင်းများနှင့် နီးကပ်သည့် သတ္တဝါ၏ ဦးခေါင်းအတွင်း တည်ရှိတတ်၏။ ထို့နောက် ဤ ဦးနှောက်သည် -

  • ထိခတ်ဖမ်းယူမိလိုက်ရာ လှုံ့ဆော်ချက်တို့၏ အကြောင်းအချက်များကို ခံစားသိရှိခြင်း၊
  • သက်ရှိ၏ လိုလားမှု မလိုလားမှုအလျောက် တုံ့ပြန်တွေးတောခြင်း၊ ဤအဖြစ်တို့ ဖြစ်ပျက်ချိန်၌ ကိုယ်တွင်းလျှပ်လှိုင်းတို့ ဂယက်ဆက်ရာ နေရာ၊
  • သတိသုံးလှုပ်ရှားမှု တို့ပြုလုပ်မည့် ကြွက်သား နှင့် ဟောမုန်းထုတ် အင်္ဂါစု (Endocrine Sytem) ထံသို့ ရောက်ရှိခိုင်းစေအပ်သည့် ကိုယ်တွင်းလျှပ်လှိုင်းများ အစပြုရာနေရာ၊

ဖြစ်ပါ၏။

ဦးနှောက်သည် ကြွက်သားများကို လှုံ့ဆော်စေခိုင်းခြင်း၊ ဟော်မုန်းစသည့် ဇီဝဒြပ်ပေါင်းများ စိမ့်ထုတ်စေခြင်းဖြင့် ခန္ဓာကိုယ်၏ အခြားအင်္ဂါ အစိတ်အပိုင်းများကို ထိန်းချုပ်သည်။ ဤကဲ့သို့ ဗဟိုထိန်းချုပ်မှုသည် ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို ဟန်ချက်ညီညီဖြင့် အလျင်အမြန် တုံ့ပြန်နိုင်သည်။

ကျောရိုးမဲ့များ၏ ဦးနှောက်နှင့် ကျောရိုးရှိများ၏ ဦးနှောက်

(လူ၊ ခွေး၊ ငှက်၊ ငါး စသည့်) ကျောရိုးရှိ သတ္တဝါများ၏ ဦးနှောက်မှာ တည်နေရာအားဖြင့်လည်း စုစုဝေးဝေးသော နျူရွန်များစွာနှင့် သီးသန့်အင်္ဂါတစ်ခုအဖြစ် အထင်း ရှိသော်လည်း၊ ကျောရိုးမဲ့ သတ္တဝါများ၏ ဇီဝဗေဒအရ ဦးနှောက်ဟု ခြုံခေါ်လိုက်သည်မှာ အင်္ဂါအထင်းတခု မစုစည်းဘဲ ကိုယ်ခန္ဓာအနှံ့ရှိ ပတ်တွင်းပြီး အာရုံကြောစုများ (ganglia) ဟိုနားတစု သည်နားတစု (in segments) ရှိနေသမျှကို စုခြုံညွှန်းဆိုခြင်း ဖြစ်၏။

ကျောရိုးမဲ့သတ္တဝါများတွင်

ကျောရိုးမဲ့သတ္တဝါ အမျိုးမျိုးအနက်

ဟူသော အုပ်စုကြီး၂စုတွင် သိသိသာသာ ဆစ်ပိုင်းစုံလင်သည့် ဦးနှောက်သဖွယ် အာရုံကြောစုများ ရှိ၏။ ၎င်းတို့၏ ဦးနှောက် (ခေါ်) ကိုယ်နှံ့ အာရုံကြောစုများ အစုအဝေး ၏ အရင်းခံမှာ ခန္ဓာကိုယ်တလျှောက် အပြိုင်ရှိသော အာရုံကြောမကြီး ၂ခု ဖြစ်သည်။ ရေဘဝဲ၊ ပြည်ကြီးငါးတို့ ပါဝင်သည့် ခြေ၈ချောင်းပါ ကိုယ်ပျော့ခွဲကျိသတ္တဝါများ မျိုးဂိုဏ်းမှာ ကျောရိုးမဲ့သတ္တဝါများအနက် အချိုးအစား အကြီးမြင့်ဆုံး ဦးနှောက်အမျိုးအစား ရှိလေ၏။

လူသားဦးနှောက်

ဦးနှောက်သည် အသိတရား၏ ဗဟိုဌာန ဖြစ်၍ လူ၏ကိုယ်ခန္ဓာတွင် အရေးအကြီးဆုံးအင်္ဂါရပ်ဖြစ်သည်။ လူတို့သည် ဦးနှောက်မှတစ်ဆင့် ပတ်ဝန်းကျင်လောက၏ အခြေအနေကို သုံးသပ်၍ မိမိတို့၏ နေထိုင်စားသောက်ရေးကို ဖန်တီးယူကြသည်။ ဦးနှောက်သည် နာ့ဗ်ကြောအပေါင်းတို့၏ ဆုံရာဖြစ်သဖြင့် လူတို့ခံစားရသည့် အာရုံငါးပါးသည် ဦးနှောက် ၌ လာ၍ထင်သည်။ ထို့ပြင် မှတ်ဉာဏ်များကို သိုလှောင် ထားရာဖြစ်သောကြောင့် စိတ်အာရုံဖြစ်ပေါ်လာရာ အရပ်ဒေသ လည်း ဖြစ်ပေသည်။

သာမန်လူတစ်ဦး၏ ဦးနှောက်သည် ၄၄ အောင်စမှ အောင်စ ၅ဝ၊ သို့မဟုတ် ၈၅ ကျပ်သားခန့် လေးသည်။ ယောက်ျား၏ဦးနှောက်က မိန်းမ၏ဦးနှောက်ထက် ပို၍လေး၏။ ယောက်ျားဦးနှောက်သည် များသောအားဖြင့် ၄၉ အောင်စ၊ အောင်စ ၅ဝ ရှိတတ်၍ မိန်းမ၏ဦးနှောက်သည် ၄၄ အောင်စ၊ ၄၅ အောင်စမျှသာ ရှိတတ်သည်။ ဦးနှောက်ကို ဖြန့်ကြည့်မည် ဆိုသော် အရှည် ခုနှစ်လက်မ၊ အကျယ် ငါးလက်မရှိသည်။ ဝေလငါးနှင့် ဆင်တို့၏ဦးနှောက်မှအပ လူတွင် အကြီးဆုံး ဦးနှောက်ရှိသည်။ သို့သော် ယင်းတို့၏ ကိုယ်အလေးချိန် နှင့်စာသော် လူ၏ဦးနှောက်လောက် မကြီးကြချေ။ ဦးနှောက် အပေါ်တွင် အမြှေးပါးသုံးထပ် လွှမ်းအုပ်လျက်ရှိပြီးလျှင် ထို အမြှေးပါးအပေါ်တွင် တစ်ဖန် ဦးခေါင်းခွံ ဖုံးအုပ်လျက်ရှိ ပြန်သည်။ ဦးနှောက်ကို ခေါင်းခွံဖြင့်ကာကွယ်ဖုံးအုပ်ထားသော ကြောင့် ခံစားရသောအကျိုးကျေးဇူးများမှာ·

ခေါင်းခွံ၌ အတန်ငယ်ထိခိုက်မိသော အရှိန်သည် ခေါင်းခွံလုံးချော၍ ပြန့်ထွက်သွားသဖြင့် နာသင့် သလောက်မနာပဲ ခံနိုင်ရည်ရှိခြင်း၊ အရိုးခွံသည် နှစ်ထပ်ရှိရာ အပြင်တစ်ထပ်ကို ထိခိုက် သော်လည်း အတွင်းထပ် ခံနေသဖြင့် အတော်အတန် ခံနိုင်ရည်ရှိခြင်း၊ အရိုးခွံအောက်တွင် အမြှေးများ အထပ်ထပ်ခံနေရာ အပေါ်ဆုံး အမြှေးထပ်သည် ခိုင်ခန့်မာကျောပြီးလျှင် ဦးခေါင်းခွံ၏ အောက်ခြေတိုင်အောင် မြဲမြံစွာတည်ရှိ၏။ ထို့ကြောင့် အတန်ငယ်ထိမိရုံနှင့် ဦးနှောက်ကို ထိခိုက် ရန် ခဲယဉ်းခြင်းတို့ပင်ဖြစ်၏။ ဦးနှောက်သည် အလွန်သေးငယ်မှုံမွှားသော ဆဲလ်တို့ ဖြင့်ပြီး၏။ ဆဲလ်တစ်ခုလျှင် အလုပ်ဝတ္တရား တစ်မျိုးစီ ဆောင်ရွက်ကြရ၏။ ထိုဆဲလ်တို့သည် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်မျိုးစီတစ်မျိုးစီ ပိုင်းခြားပြီးလျှင် ဆက်သွယ်လျက်ရှိ၏။ မျက်စိဖြင့်ဆက်သွယ်သော ဆဲလ်၊ နားဖြင့်ဆက်သွယ်သောဆဲလ်၊ ခြေလက် စသည်တို့ဖြင့် ဆက်သွယ်သောဆဲလ် စသည်ဖြင့် အမျိုးမျိုးရှိသည်။

လူဦးနှောက်၏ အစိတ်အပိုင်းများ

ဆောင်ရွက်ပုံလုပ်ငန်းကိုလိုက်၍ ဦးနှောက်ကို အပိုင်း ကြီးလေးပိုင်းခွဲခြားထားနိုင်၏။ ခေါင်းခွံ၏အရှေ့ဘက် အထက်ကျကျရှိသော အပိုင်ကြီးကို ဦးနှောက်ကြီး (cerebrum; စယ်ရီဘရမ်) ဟုခေါ်သည်။ ဦးနှောက်ကြီးသည် ခေါင်းခွံအတွင်း ထုထည်တွင် သုံးပုံနှစ်ပုံမျှ ပြည့်လျက်ရှိ၍ အလေးချိန်အားဖြင့် ဦးနှောက်တစ်ခုလုံး၏ ခြောက်ပုံငါးပုံခန့်မျှ ရှိ၏။ သိမှု၊ ထိမှုများမှာ ဦးနှောက်၏ ထိုအပိုင်းတွင် ဖြစ်ပေါ်သည်။ ဉာဏ်ပညာတည်ရာဌာန ဖြစ်သောကြောင့် ထိုအပိုင်းထိခိုက်ပျက်စီးသွားလျှင် အသိဉာဏ်ကင်းပျောက်ပြီး ရူးသွပ်သွားတတ်၏။ ထိုအပိုင်းသည် အသိဉာဏ်ဖြစ်ပေါ်လာမှု နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းအရပ်ရပ်ကို စေစားမှု၌ အလွန် အရေးကြီးသောအင်္ဂါစု ဖြစ်သည်။ ထို့ကြောင့် ထိုအပိုင်းကို သေချာစွာ လေ့လာကြည့်သင့်သည်။

ဦးနှောက်ကြီးကို အထက်မှအောက်သို့ ထက်ခြမ်းခွဲ လိုက်ပါက အထပ်နှစ်ထပ် ဖြစ်နေသည်ကို တွေ့မြင်ရပေမည်။ အပြင်ထပ်သည် အနည်းငယ်ပါးလွှာ၍ မီးခိုးရောင်အဆင်းရှိ၏။ အတွင်းထပ်ကား ဆွတ်ဆွတ်ဖြူနေသည်။ ထိုအထပ်တွင် အာရုံကြောမျှင်များ ရှုပ်ထွေး၍ ပါရှိ၏။ မွဲပြာရောင်ဦးနှောက်ပိုင်း ကား လူတို့၏အသိဉာဏ်ယှဉ်သော ဖြစ်စဉ်များကို ဆောင် ရွက်ပေးသော အပိုင်းဖြစ်သည်။ ထိုအပိုင်းတွင် သန်းပေါင်း များစွာသော လျှပ်ကူးဆဲလ်(နျူရွန်) များရှိသည်။ ထိုနာဗ်ကြောဆဲလ် များသည် တယ်လီဖုန်းအော်ပရေတာကဲ့သို့ ပို့လိုသောသတင်းကို အဖြူရောင်ဦးနှောက်အထပ်ရှိ နာဗ်ကြောမျှင်များဖြင့် ကိုယ်ခန္ဓာ အနှံ့အပြားသို့ ပို့ပေးသည်။

ဦးနှောက်ကြီးသည် ခေါင်းခွံအတွင်း၌ အခွေခွေ အလိပ်လိပ် ဖြစ်၍နေ၏။ ယင်းကဲ့သို့ အခွေခွေ အလိပ်လိပ် မဖြစ်ဘဲ တပြန့်တည်းချောမွတ်၍နေပါမူ ခေါင်းခွံတွင် ယခုရှိ သလောက် ဦးနှောက်၏မျက်နှာပြင် ပါရှိနိုင်မည်မဟုတ်ချေ။ အသိဉာဏ်အလွန်နည်းသော ငှက်၊ ရှဉ့်အစရှိသည့် တိရစ္ဆာန် တို့၏ ဦးနှောက်ပြင်သည် ခွေလိပ်မနေဘဲ ချောမွတ်၍နေသည်။ လူနှင့်အနီးဆုံး သတ္တဝါဟု ဆိုကြသော မျောက်များတွင် မူကား ဦးနှောက်သည် လူ၏ဦးနှောက်ကဲ့သို့ လွန်မင်းစွာခွေလိပ်လျက် မရှိစေကာမူ အသင့်အတင့် ခွေလိပ်လျက်ရှိပေသည်။ ထို့ကြောင့် ဦးနှောက်၏တွန့်ခွေနေခြင်းသည် အသိဉာဏ်နည်းမှု၊ များမှုနှင့် စပ်ဆိုင် သကဲ့သို့ တွေးထင်ဖွယ်ရာ ဖြစ်လေသည်။

ဦးနှောက်၏အလေးချိန်နှင့်ယှဉ်၍ အသိဉာဏ်ကိုစုံစမ်း ကြည့်သောအခါ ရှေးသမိုင်းမတင်မီခေတ်က လူများတွင် ယခု ခေတ်ရှိလူများထက်ကြီးသော ဦးနှောက်များရှိသည်ကို တွေ့ကြရ သည်။ သို့သော်လည်း ထိုသူများ၏ အသိဉာဏ်ကား အဆင့် အတန်း အလွန်နိမ့်လေသည်။ ထို့အပြင် ယခုခေတ်တွင် အလွန် ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်များ၏ ဦးနှောက်နှင့် သာမန်လူ များ၏ဦးနှောက်ကို စစ်ဆေးခဲ့ရာ၌ တစ်ခါတစ်ရံ အချို့ဉာဏ် ပညာအလွန်ထက်မြက်သူတို့၏ ဦးနှောက်သည် သာမန်လူတို့ ထက်ပင် သေးငယ်သေးကြောင်းကိုတွေ့ရ၏။ ထို့ကြောင့် ဦးနှောက်ကြီးမှု၊ ငယ်မှုသည် အသိဉာဏ်နည်းမှု၊ များမှုနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ရှိချေသည်။

ဦးခေါင်း၏နောက်ဘက် ဦးနှောက်ကြီး၏အောက်တွင် ဦးနှောက်ငယ် (cerebellum) ရှိ၏။ ထို ဦးနှောက်ငယ်သည် ဦးနှောက်ကြီးလောက် မကြီးဘဲ ဦးနှောက် တစ်ခုလုံး၏ ခြောက်ပုံတစ်ပုံ ခန့်သာရှိ၏။ ဦးနှောက်ကြီး ကဲ့သို့ပင် ခွေလိပ်၍နေ၏။ သို့ရာတွင် ဦးနှောက်ကြီးနှင့် စာလျှင် ပို၍ နူးညံ့ ပျော့အိသည်။ ဦးနှောက်ငယ်၏ အလုပ်ဝတ္တရားမှာ ကိုယ်ခန္ဓာတွင် အမှတ်မဲ့တုံ့ပြန်မှုများကို ဆောင်ရွက်ရန် ဖြစ်၏။ ကျွန်ုပ်တို့ လမ်းလျှောက်သည့်အခါ၌ မိမိတို့မသိဘဲ ကိုယ်ခန္ဓာကို ဟန့်တားနိုင်ခြင်းသည် ဦးနှောက်ငယ်၏ ဆောင် ရွက်ချက်ကြောင့် ဖြစ်သည်။ ပုံပမာအားဖြင့် မျက်လုံးထဲသို့ ဖုန်ဝင်သွားသည် ဆိုကြပါစို့။ ယင်းသို့ ဖုန်ဝင်သွားကြောင်းကို မျက်လုံးက ဦးနှောက်ငယ်သို့ သတင်းပေးပို့သည်။ ထိုအခါ ဦးနှောက်ငယ်က မျက်ရည်ထုတ်၍ ဖုန်ကိုဆေးချဖို့ ပြန်ကြား လိုက်သည်။ ပုံပမာအားဖြင့် တစ်ဖန် ဦးနှောက်ငယ်၏ တစ်နေရာရာတွင် ထိခိုက်ပျက်စီးသွားသည်ဆိုကြပါစို့၊ ထိုသို့ ထိခိုက်သွားသည့်အပိုင်းနှင့်ဆိုင်သော ကိုယ်ခန္ဓာ၏ အစိတ် အပိုင်းများသည် လှုပ်ရှားရာ၌ အလွန်လေးလံလာကြသည်။ ထိုအခါ လမ်းလျှောက်ရာ၌ ကိုယ်ခန္ဓာကို ဟန်မထားနိုင်ဘဲ ထိခိုက်ပျက်စီးသော ဦးနှောက်တည်ရာဘက်သို့ ခွေလဲသွား တတ်သည်။

တတိယအပိုင်းမှာ ဦးနှောက်ငယ်နှစ်ခြမ်းကို ဆက်ထား သည့် ပွန် (pon) ဟူသည့် အပိုင်းငယ်ဖြစ်၏။ ပွန်သည် နာဗ်ကြောတစ်ရှူး များဖြင့်ပြီး၏။ အောက်ဘက်နားတွင် မဒ္ဒူလာ အော့ဘ်လောင် ဂါတာ (medula oblongata) ဟူသည့် အပိုင်းငယ် ဆက်လျက်ရှိသည်။ မဒ္ဒူလာ အော့ဘ်လောင်ဂါတာသည် ကျောရိုးခြင်ဆီမျှင်၏ ကြီးထွက်နေ သော အပိုင်းဖြစ်၏။ "မဒ္ဒူလာ"သည် ရိုးတွင်းခြင်ဆီဟူသော အဓိပ္ပာယ်ရှိ၍ "အော့လ်လောင်ဂါတာ"မှာ အနံတို၍ အလျားရှည်သည် ဟုအဓိပ္ပာယ်ရှိ၏။ ထို့ကြောင့် ဤအပိုင်းကို အနံတို၍အလျား ရှည်သော ရိုးတွင်းခြင်ဆီပိုင်းဟု သိရသည်။ မီဒါလာအော့ ဗလွန်ဂေတာ၏ လုပ်ငန်းမှာ ကိုယ်ခန္ဓာအတွင်း၌ အလို အလျောက် သွားလာလှုပ်ရှားလျက်ရှိသော အင်္ဂါအစိတ်အပိုင်း များကို စီမန်ခန့်ခွဲရန်ဖြစ်သည်။ ထိုသို့စီမံခန့်ခွဲရာတွင် သွေးလှည့်ပတ်မှုကို ဆောင်ရွက်ပေးသော နှလုံးကို လည်းကောင်း၊ အစာချေခြင်းဆောင်ရွက်သော အင်္ဂါများကို လည်းကောင်း၊ လေထဲမှအောက်စီဂျင်ကို ရှူသွင်းသော အဆုပ်ကိုလည်းကောင်း အုပ်ထိန်းပေးရလေသည်။ စင်စစ်အားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးတွင် မိမိဘာသာ လှုပ်ရှားသွားလာသော အစိတ်အပိုင်းများကို ဦးနှောက်ငယ်နှင့် မဒ္ဒူလာ အော့ဘ်လောင်ဂါတာခေါ် ရိုးတွင်းခြင်ဆီပိုင်းက အုပ်ချုပ် ထားသည်။ ထိုအပိုင်းသည် ကိုယ်ခန္ဓာ၏အရေးအကြီးဆုံး ကိစ္စ ရပ်များကို အုပ်စိုးလျက်နေသောကြောင့် ဤနေရာသို့ ထိခိုက်မိ က အသက်အန္တရာယ်ကို စိုးရိမ်ရ၏။

ဤအပိုင်းကြီးလေးပိုင်းဖြင့်ပြီးအပ်သော ဦးနှောက်သည် မြင်ခြင်း၊ ကြားခြင်း၊ လှုပ်ရှားခြင်းအစရှိသည့် များပြားလှစွာ သော အမှုကိစ္စတို့ကို အသီးအသီး တစ်နေရာစီ ခွဲခြား၍ စီမံခန့်ခွဲ၏။ နာဗ်ကြောတို့ ပေါင်းဆုံရာဖြစ်သဖြင့်လည်း ထင် လာသမျှသော အာရုံတို့သည် ဦးနှောက်သို့ရောက်လာကြ၏။ ဦးနှောက်ကမှတစ်ဖန် မိမိအလိုဆန္ဒရှိသည့်အတိုင်း လှုပ်ရှားမှု အာရုံကြောများဖြင့် သတင်းပေးပို့လိုက်၏။ ထို့ကြောင့်ဦးနှောက် သည် စကားပြောကြေးနန်း ဗဟိုဌာနနှင့် တူလေသည်။

လူ၏မျက်စိရှေ့တည့်တည့်၌ တစ်စုံတစ်ခုသောအရာ သည်ရောက်လာသောအခါ မျက်စိနှင့်စပ်ဆိုင်သော နာဗ်ကြော တို့သည် ဦးနှောက်သို့ သတင်းပို့လိုက်ကြ၏။ ထိုသတင်းသည် ရူပါရုံနှင့်ဆိုင်သောဆဲလ်သို့ ရောက်သွားသောအခါ မျက်စိ၌ ရုပ်ပုံပေါ်လာသည်။ ယင်းသို့ နာဗ်ကြောက သတင်းပေးမှုနှင့် ရုပ်ထင်လာမှုမှာ မည်မျှလျင်မြန်သနည်းဟူမူ မြင်သည်နှင့် တစ်ပြိုင်နက် ထင်လာသည်ကို ထောက်ခြင်းဖြင့် သိသာနိုင်၏။ ထို့အတူ အာရုံငါးပါးနှင့် စပ်ဆိုင်သော ထင်မှု၊ မြင်မှု၊ သိမှု၊ ခံစားမှု စသည်တို့ကိုလည်း တစ်ချိန်တည်းလိုပင် ခံစားကြရ လေသည်။

အထူးမှတ်သားရန်အချက်မှာ ဦးနှောက်၏ လက်ဝဲပိုင်း သည် ကိုယ်ခန္ဓာ၏လကျာ်ဘက်ပိုင်းကိုလည်းကောင်း၊ ဦးနှောက် ၏လကျာ်ပိုင်းသည် ကိုယ်ခန္ဓာ၏ လက်ဝဲပိုင်းကိုလည်းကောင်း အုပ်ထိန်းထားသည်။ ထို့ကြောင့် လကျာ်ဘက်ဦးနှောက်ကို ထိ ခိုက်မိလျှင် ကိုယ်ခန္ဓာ၏ လက်ဝဲဘက်အပိုင်းများတွင် ဝေဒနာ ဖြစ်တတ်၍ ဦးနှောက်၏လက်ဝဲဘက်ကို ထိခိုက်မိလျှင် ကိုယ် ခန္ဓာ၏ လက်ျာဘက်အပိုင်းများတွင် ဝေဒနာဖြစ်တတ်လေသည်။ ဦးနှောက်သည် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်း များကဲ့သို့ပင် အာဟာရဓာတ်နှင့် နားချိန်ကို လိုလေသည်။

အာဟာရဓာတ်ကို နာဗ်ကြောဆဲလ်အကြား၌ ရှုပ်ထွေးစွာ သွားလာလျက်ရှိသော သွေးကြောများမှရ၍ နားချိန်ကို အိပ်နေ သောအခါ၌ရ၏။ အထူးသဖြင့် အိပ်နေသောအခါ ဦးနှောက် သည် မိမိအင်္ဂါရပ်အနှံ့အပြားတွင် ဖြစ်ပျက်နေသည့် ပျက်စီး ချို့ယွင်းမှုကိုပြုပြင်ရန် အခွင့်ရလေသည်။ ဦးနှောက်နှင့်စပ်လျဉ်း ၍ ကျွန်ုပ်တို့မသိသော အချက်ပေါင်းများစွာပင် ရှိသေးသည်။

Read next

In 198 languages

myAfrikaansAlemannischአማርኛaragonésÆngliscOboloالعربيةܐܪܡܝܐالدارجةمصرىঅসমীয়াasturianuAtikamekwаварAymar aruazərbaycancaتۆرکجهбашҡортсаBasa BaližemaitėškaBikol Centralбеларуская (тарашкевіца)беларускаяBetawiбългарскиभोजपुरीbamanankanবাংলাབོད་ཡིགbrezhonegbosanskiBatak MandailingбуряадcatalàнохчийнکوردیčeštinaчӑвашлаCymraegdanskDeutschZazakidolnoserbskiދިވެހިބަސްΕλληνικάemiliàn e rumagnòlEnglishEsperantoespañoleestieuskaraفارسیsuomivõroNa Vosa VakavitifrançaisFryskGaeilgekriyòl gwiyannenGàidhliggalegoAvañe'ẽBahasa HulontaloગુજરાતીHausa客家語 / Hak-kâ-ngîעבריתहिन्दीFiji HindihrvatskihornjoserbsceKreyòl ayisyenmagyarհայերենinterlinguaJaku IbanBahasa IndonesiaInterlingueIlokanoгӀалгӀайIdoíslenskaitalianoᐃᓄᒃᑎᑐᑦ / inuktitut日本語Patoisla .lojban.JawaქართულიJjuKabɩyɛTyapKumoringқазақшаಕನ್ನಡYerwa Kanuri한국어کٲشُرkurdîкомиkernowekкыргызчаLatinaLëtzebuergeschлаккулезгиLimburgslombardlingálaລາວlietuviųlatviešuMalagasyолык марийMāoriMinangkabauмакедонскиമലയാളംмонголဘာသာမန်मराठीBahasa MelayuэрзяньNāhuatlNedersaksiesPlattdüütschनेपालीनेपाल भाषाNederlandsnorsk nynorsknorskNouormandoccitanଓଡ଼ିଆਪੰਜਾਬੀPangasinanKapampanganPapiamentupolskiPiemontèisپنجابیپښتوportuguêsRuna SimiromânăрусскийрусиньскыйIkinyarwandaसंस्कृतम्саха тылаᱥᱟᱱᱛᱟᱲᱤsardusicilianuScotsسنڌيdavvisámegiellasrpskohrvatski / српскохрватскиසිංහලSimple EnglishslovenčinaslovenščinachiShonaSoomaaligashqipсрпски / srpskiSeelterskSundasvenskaKiswahiliதமிழ்తెలుగుтоҷикӣไทยTürkmençeTagalogtoki ponaTürkçeтатарча / tatarçaئۇيغۇرچە / Uyghurcheукраїнськаاردوoʻzbekcha / ўзбекчаvènetoTiếng ViệtVolapükwalonWinaray吴语მარგალურიייִדישVahcuenghⵜⴰⵎⴰⵣⵉⵖⵜ ⵜⴰⵏⴰⵡⴰⵢⵜ文言閩南語 / Bân-lâm-gí粵語中文isiZulu

Text from Wikipedia, CC BY-SA 4.0 · Source article